မြန်မာ့ဂုဏ်ဆောင်လက်ဝှေ့ကျော် ကျားဘညိမ်း ဆိုသည်မှာ

ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္တလေးမြို့တွင် ဦးဘိုးမင်းနှင့် ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

ငယ်စဉ်အခါက မန္တလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုးသား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ်က ကျောင်းသားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။

အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ဝှေ့ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည် သာမက ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လက်ဝှေ့ ယှဉ်ပြိုင်ခဲ့သည်။

ကျားဘညိမ်း အမည်ရခဲ့ပုံ

ဆရာမှာ ကျားထိုး အလွန် ဝါသနာပါသည်။ ဆယ်နှစ်သား အရွယ်တွင် ညီဖြစ်သူ ကိုဘသိန်း (ချစ်ညို) နှင့် ၁၂ ကောင် ကျားထိုးရာ သူနိုင် ငါရှုံး၊ ဘတပြန် ကျားတပြန် ဖြစ်နေသည်။ ထိုအခါ မန္တလေးမှ ကျားဘုရင် ဦးဘသိန်း ရောက်လာပြီး “ မင်းတို့ ကစားပုံကလည်းကွာ” ဟု အပြစ်တင်ကာ ကျားရွှေ့နည်းများကို သင်ပေးခဲ့သည်။ ထိုစဉ်က မန္တလေးတွင် ပန်းချီဆရာများ ခေတ်စားနေသည်။ ဘရင်ကလေး၊ ကြွယ်လေး၊ ညိုလေးစသည့် ပန်းချီဆရာ တစုက သူတို့၏ ပန်းချီပုံများ အောက်တွင် ကိုယ့်နာမည်ကိုယ် လက်မှတ်ထိုးခဲ့သည်။

ကျားဘုရား (ခ) ကျားဘုရင် ဦးဘသိန်းကလည်း ကျားကြီး ဘသိန်းဟု လက်မှတ်ထိုးသည်။ သို့နှင့် ဆရာညိမ်းမှာ ကျားကလေး ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့သော လက်ဝှေ့ပွဲတွင် ဘင်တန်ဝိတ်တန်းတွင် ဆရာ ချန်ပီယံ ဖြစ်ခဲ့သည်။ ဒီအခါ လူထုသတင်းစာမှာ “ ကျားဘညိမ်း နိုင်သွားပြီ ” ဟု ရေးလိုက်ရာ ထိုအချိန်မှ စ၍ ကျားဘညိမ်း ဖြစ်လာတယ်ဟု ဆရာက ရှင်းပြဖူးသည်။

ကျားဘညိမ်းသည် ၁၉၅၃ မှစ၍ မြန်မာ့လက်ဝှေ့ကိုမြေဝိုင်းလက်ဝှေ့အဆင့်မှအမြင့်စင်အထိဖြစ်အောင်အားထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ လက်ဝှေ့ကျော်များစွာကိုစင်တင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ အချို့တိုကိုမူရင်းနာမည်ဖျောက်ပြီးလက်ဝှေ့အမည်များကိုယ်တိုင်ပေးခဲ့သည်။ သမန်းကျား၊ သမိန်ဗရမ်းတို့မှာ သူပေးခဲ့သောနာမည်များပင်။ ၁၉၆၀ ခုနှစ်အောက်တိုဘာတွင် ပီကင်း ရှန်ဟဲမြို့များသို့ ဦးတိုးလုံ၊ ဦးဗိုလ်စိန်၊ ဖြူကြီးစသည့်ပညာသည်လက်ဝှေ့ကျော် ၁၀ ဦးတို့ကို ဦးဆောင်ခေါ်ယူ၍ ရိုးရာလက်ဝှေ့ကို ထိုးသတ်ပြခဲ့သည်။

သိပ္ပံနည်းကျ လက်ဝှေ့သမား

ဆရာ ကျားဘညိမ်းသည် လက်ဝှေ့ထိုးသက် အနှစ် ၂ဝ တွင် ပွဲပေါင်း ၅ဝ ကျော် ထိုးသတ်ခဲ့သည်။ ထိုငါးဆယ်ကျော်တွင် ၇ ပွဲသာ အမှတ်ဖြင့် ရှုံးခဲ့သည်။ ကျန်ပွဲ ၄ဝ ကျော်တွင် ကျားဘညိမ်းက နိုင်ခဲ့သည်။ ထိုပွဲလေးကျော် အနက် သူ အနှစ်သက်ဆုံး ဆုဖလားပွဲမှာ သိပ္ပံနည်းအကျဆုံး လက်ဝှေ့ထိုးသူဆု ရခဲ့သည့် ပွဲပင်ဖြစ်၏။ လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်အတွင်း ကျားဘညိမ်းသည် မင်းကြွယ်၊ ဆင်မြူရယ်၊ ကီးဝှိုက်၊ စောဟာဒီ၊ မဂျစ်တို့နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။

တစ်ညတွင် ကျားဘညိမ်းနှင့် စိန်ပေါလ်မှ လင်းမာဆယ်တို့ ထိုးကြသည်။ ထိုပွဲတွင် ကျားဘညိမ်းက မာဆယ်အား ရှောင်ကာ တိမ်းကာ ဘယ်ဝိုက်၊ ညာ ဖြောင့်လက်သီးများဖြင့် တစ်ဖက်လူကို အနိုင်ယူခဲ့သည်။ ဒိုင်အဖွဲ့က ကျားဘညိမ်းကို သိပ္ပံနည်းကျ ထိုးသတ်နိုင်သူဆု ပေးသည်။

အားလပ်သည့် ရက်တရက်တွင် ကျားဘညိမ်းသည် လက်ဆည်ကန်ရှိ လူထု သတင်းစာတိုက်သို့ ရောက်သွားပြီး ဒေါ်အမာ၏ စားပွဲတွင် အားရပါးရ စကားကို ဖောင်လောက်အောင် ပြောနေသည်။ သူက လက်ဝှေ့အကြောင်း ပြောရလျှင် ထမင်းမေ့၊ ဟင်းမေ့ ပြောသည်။ ဤတွင် ဒေါ်အမာက ကြားဖြတ်ကာ“ ရှင်ထိုးသမျှ ပွဲတွေထဲမှာ ဘယ်ပွဲဟာ အမြိန်ဆုံးလဲ ” ဟု မေးလိုက်သည်။

ဆရာ ဘညိမ်းက “၁၉၅၁ ခု၊ အိန္ဒိယပြည် ဖယ်သာဝိတ် ချန်ပီယံ ဗီဘို့စ်နဲ့ ထိုးရတဲ့ပွဲဟာ အမြိန်ဆုံးပဲဗျ” ဟု ဆိုသည်။ အဲ့ဒီညက အိန္ဒိယမှ လက်ဝှေ့ ၇ ဆိုင်း လာထိုးသည်။ ကျားဘညိမ်းနှင့် ထိုးသည့်ပွဲကလွဲပြီး အားလုံး ရှုံးကြသည်။ မဂျစ်၊ မျိုးသန့်၊ အောင်မြင့်၊ ဆင်မြူရယ် တို့ ရှုံးပြီး ကျားဘညိမ်း တဦးသာ နိုင်ခဲ့သဖြင့် လက်ဝှေ့ပွဲများ အပြီးတွင် အိုးဝေ သတင်းစာက “ကျားဘညိမ်း တယောက်ရှိလို့သာ ဗမာတွေ ခေါင်းဖော်နိုင်တော့သည်” ဟု ရေးလိုက်သည်။

“အဲဒီည လက်ဝှေ့မထိုးခင် ကျနော့်မိန်းမ မကြည်က သိပ်အစိုးရိမ် လွန်ပြီး မျက်စိမျက်နှာ ပျက်နေတော့ ကျနော်က စိတ်မပူပါနဲ့ကွာ၊ ငါနိုင်အောင် ထိုးမှာပါ” ဟု ပြော၍ စင်ပေါ်တက်ပြီး ဘို့စ်နှင့် ရင်ဆိုင် ထိုးခဲ့သည်။ ထိုအချိန်က ဘို့စ်သည် အိုလံပစ်တွင် ၂ ကြိမ် ဆုရခဲ့သော အိန္ဒိယ၏ အကောင်းဆုံး လက်ဝှေ့အကျော် ဖြစ်၏။

အိန္ဒိယ လက်ဝှေ့အကျော် ဘို့စ်ကို ကျားဘညိမ်းက အနိုင်ယူ ထိုးသတ်သဖြင့် ဗမာလူထုက ကျားဘညိမ်းကို အထူး ချီးကျူးခဲ့လေသည်။ ထို့နောက် ၁၉၅၂ ခု ဖင်လန်တွင် ပြုလုပ်သော ၁၅ ကြိမ်မြောက် အိုလံပစ်ပွဲသို့ ကျားဘညိမ်း သွားခွင့်ရသည်။ ထိုစဉ်က ကျားဘညိမ်းမှာ အသက် ၂၈ နှစ်ရှိပြီး ကလေး သုံးယောက်အဖေ ဖြစ်နေလေပြီ။

ပြည်တွင်းပွဲများတွင် ကျားဘညိမ်း လက်ဝှေ့ထိုးတိုင်း စိတ်မချသဖြင့် ဒေါ်ကြည်က ရင်တမမဖြင့် လိုက်လံကြည့်ရှု အားပေးခဲ့၏။ ဆရာဘညိမ်း လက်ဝှေ့ထိုးပုံမှာ ရှောင်ပြေးပြီးမှ ပြန်ထိုးခြင်း မဟုတ်။ ဝေးဝေး ထွက်မထိုးဘဲ တဖက် လက်ဝှေ့သမားကို ရဲရဲဝံ့ဝံ့ ကြည့်နေပြီး သူလက်ကွက် ပျက်သည်နှင့် အဆက်မပြတ် ဝင်ထိုးနည်းဖြစ်သည်။ ပရိသတ်က ဘညိမ်းကွ . . . ကျားဘညိမ်းကွ ဟု အော်လေ သူ၏ လက်သီးထိုးချက်က မြန်လေဖြစ်သည်။

လူငယ်လက်ဝှေ့သမားများ မွေးထုတ်

ကျားဘညိမ်းသည် အနာဂတ် မျိုးဆက်သစ် လက်ဝှေ့လူငယ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။ မန္တလေး ဒါးတန်း ၂၅ လမ်းမှာရော၊ ၈၃ လမ်းဘက်မှာပါ လက်ဝှေ့ကလပ်များ ထောင်ထားသည်။ သို့အတွက် မန္တလေးမှ လက်ဝှေ့အကျော် ၂ဝ လောက် ထွက်လာသည်။ ရဲချစ်၊ ရဲဆွေ၊ ရဲမြင့်၊ ရဲတင့်တို့မှာ ကျားဘညိမ်း၏ တပည့်ကျော်များ ဖြစ်သည်။ ထိုမန္တလေးသားများ အပြင် ရန်ကုန်ဘက်မှ တင်ထွန်း၊ အဲလက်ဇန်းဒြား၊ ရေတပ်မှ လှရွှေတို့မှာလည်း ဆရာညိမ်း၏ တပည့်များ ဖြစ်သည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် များတွင်လည်း ဆရာ့ တပည့်များ ရှိသည်။ တနေ့တွင် ဆရာဘညိမ်းက အမေမာ (လူထု ဒေါ်အမာ) အား “ဒေါ်အမာ့နှယ် ကျနော်ဟာ လက်ဝှေ့ကြောင့် ၁၅ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပွဲကို ရောက်ခဲ့ရတယ်။ ဟဲလ်စင်ကီးလည်း ရောက်တယ်။ ဘာကင်ဟန် နန်းတော်ထဲလည်း ဝင်ဖူးတယ်။ ကျနော့်ဘဝမှာ အနောက် ဘာကင်ဟန်၊ အရှေ့ တိန်အန်မြင် (တရုတ်ပြည်) ထိသွားပြီး ခေါင်းဆောင်ကြီးများနှင့် စကားပြောရတာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျ” ဟု ပြောခဲ့ဖူးသည်။

မန္တလေးမြို့တွင် နေထိုင်စဉ် ၁၉၄ဝ ပြည့်နှစ်တွင် မန္တလေးမြို့သူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင် ကျခဲ့သည်။ မန္တလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှ၊ဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။

READ မြန်မာနိုင်ငံမှ ထူးဆန်းသောပုဂ္ဂိုလ်များ
မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္တလေး ရတနာပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်းကို နောက်ခံထားကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာများ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတ္တိလေးဦး စုစည်းမှုတွင်၎င်း၊ ပါဝင် ရေးသားခဲ့သည်။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမ္ဘာကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဦးဘညိမ်းသည် လက်ဝှေ့ ထိုးသတ်စဉ် ကာလက ကျားတကောင်ကဲ့သို့ ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း အပြင် အင်္ဂလိပ် ဆယ့်နှစ်ကောင်ကျား ကစားရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့် ကျားဘညိမ်းဟု တင်စားခဲ့ကြသည်။ မန္တလေး သတင်းစာများက သူ့အောင်မြင်မှုများကို ရေးသား ဖော်ပြကြသူတိုင်း “ကျားကလေး” ဟု ရေးသားခဲ့ကြသည်။

စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္တလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

ကျားဘညိမ်းသည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄ဝ အချိန်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မာလာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ်ခဲ့ကြသည်။

လူထုဒေါ်အမာ ပြောသော ကျားဘညိမ်း – နီငြိမ်း (အညာတက္ကသိုလ်)
နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)

Leave a Reply

Your email address will not be published. Required fields are marked *