သမိုင်းတစ်ကွေ့ကထင်ရှားကျော်ကြားခဲ့သော သူရဲကောင်း ပုပ္ပါးဗိုလ်နက်ကျော် အကြောင်း

သီပေါမင်းပါတော်မူ၍ သူ့ကျွန်ဘ၀သို့ရောက်သည်ဟု သိရသည်နှင့်တပြိုင်နက် မြန်မာပြည်အရပ်ရပ်ရှိ မြို့သူကြီး၊ မြင်းစီး၊ မြင်းခေါင်း၊ ရွာသူကြီးစသည်တို့သည် မိမိတို့နယ်သူနယ်သားတို့ကို ဦးစီးလျက် နယ်ချဲ့ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ကြသည်။

မြန်မာ့သတ္တိကို ပြခွင့်မရလိုက်သော တော်လှန်ရေးတပ်သားများသည်လည်း နီးစပ်ရာခေါင်းဆောင်များအောက်သို့ ခိုဝင်လျက် ကိုယ့်ထီးကိုယ့်နန်းကို ပြန်လည်သိမ်းပိုက်နိုင်ရန် စီမံကြသည်။

ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ကြသည့် မြန်မာနိုင်ငံဒေသအသီးသီးမှ တိုင်းရင်းသားမျိုးချစ်ခေါင်းဆောင်များထဲ တွင် ပုပ္ပါးနယ်မှ ဗိုလ်နက်ကျော်သည်လည်း အပါအ၀င်ဖြစ်သည်။

ဗိုလ်နက်ကျော်သည် ပုပ္ပါးဇာတိသားဖြစ်သည်။ အဖ ပုပ္ပါးရွာသား ဗိန္ဓောဆရာကြီး ဦးနက် ခေါ် ဆရာကျော် နှင့် အမိ ဒေါ်အပ်တို့၏ သားသမီး ၆ ဦးအနက် တတိယမြောက်သားဖြစ်သည်။

၁၈၅၂ ခုနှစ်တွင် ဖွားမြင်၍ ငယ်မည်မှာ မောင်ရွှေဆန်းဖြစ်သည်။ ၄င်း၏ မွေးချင်းများမှာ ဒေါ်ကူး၊ ဒေါ်လုံး၊ ဦးရွှေဆန်း (ဗိုလ်နက်ကျော်)၊ ဦးရွှေလန်း၊ ဦးရွှေမှန်း၊ ဦးရွှေပန်း တို့ဖြစ်သည်။

ဦးရွှေဆန်း ခေါ် ဗိုလ်ဆန်း ခေါ် ဗိုလ်နက်ကျော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်စဉ်က သူ့အသက်သည် ၃၄ နှစ်သာ ရှိသေးသည်။ သူ့တွင် ဇနီးနှစ်ယောက်ရှိသည်။ ပထမဇနီးမှာ (ဒေါ်မင်းဇံ)ဖြစ်ပြီး ဒုတိယဇနီးမှာ (ဒေါ်ငယ်)ဖြစ်သည်။ ပထမဇနီး ဒေါ်မင်းဇံမှ မယ်ချို၊ မယ်ပိုဟူသော သမီးနှစ်ယောက် ထွန်းကားသည်။

ဗိုလ်နက်ကျော်သည် ပုပ္ပါးနယ်မှ စိတ်ချရသော ကိုလှကျော်၊ ကိုဖားကြီး၊ ကိုရွှေဘို၊ ကိုပြောင်၊ ကိုဖိုးသိုင်းကြီး အစရှိသည့် မျိုးချစ်အာဇာနည်သူရဲကောင်း (၁၁)ဦးကိုစုဆောင်း၍လက်နက်လူသူစုဆောင်းပြီး၊

၆ ရက်ခန့်အကြာတွင် ညောင်ဦးမြို့မှနေ၍ အင်္ဂလိပ်စစ်တပ်များ ပုပ္ပါးသို့ စစ်ချီလာမည့်အကြောင်းဗိုလ်နက်ကျော်၏ဖခင်ဆရာနက်မှတဆင့်ဗိုလ်နက်ကျော်တို့အဖွဲ့ သိရှိသွားပြီးကုလားစစ်တပ်များအား ခုခံတိုက်ခိုက်ရန်စီစဉ်တော့သည်။

ဗိုလ်နက်ကျော်၏ဖခင်ဆရာနက်သည် ပုပ္ပါးဒေသတွင် ဗိန္ဓောဆေးဆရာဖြစ်သည့်အပြင် ပုပ္ပါးတွင်လူကြီးလည်းဖြစ်သောကြောင့် ရပ်ရွာအရေးကိစ္စနှင့်ပတ်သက်
၍ အရေးကြီးကိစ္စမှန်သမျှကို သူ့ထံအကြောင်းကြားရသည်။

ဆရာနက်ထံ စာရောက်ပြီးနောက် ၂ ရက်မြောက်နေ့တွင် က
အင်္ဂလိပ်စစ်တပ်များသည် ကျောက်ပန်းတောင်းဘက်မှ ဖြတ်၍ ပုပ္ပါးကို ချီတက်လာမည်ဟု တိကျစွာ သတင်းရရှိထားရာ ဗိုလ်နက်ကျော်တို့အဖွဲ့သည် ပုပ္ပါးရွာတောင်ဘက် ၂ မိုင်အကွာရှိ စူးစပ်ရိုး ခေါ် အနောက်ရသေ့တောင် ကုန်းထိပ်မှ တုတ်၊ ဓား၊ လှံ၊ လေး၊ မြှား လက်နက်များအပြင် ကျောက်မောင်းကြီးများပါ ဆင်ပြီး စစ်တပ်များ အလာကို စောင့်နေကြသည်။

ရန်သူတပ်များသည် ယင်းနေ့ညနေ ၃ နာရီ အချိန်လောက်တွင် ယခုကျောက်ပန်းတောင်းမြင်းခြံသွား မော်တော်ကားလမ်း အတိုင်း ချီတက်လာကြသည်။ ထိုစဉ်က ယင်းလမ်းသည် လမ်းချောမဟုတ် တောလမ်းကြမ်းဖြစ်သည်။

ဗိုလ်နက်ကျော်တို့အဖွဲ့သည် ရန်သူတပ်များ မိမိပစ်ကွင်းအတွင်း ၀င်လာသည်နှင့် တပြိုင်နက် ကျောက်မောင်းများကိုအဆက်မပြတ်ဖြုတ်ချ၍ အပြင်းအထန်တိုက်ခိုက် တော့သည်။

ရန်သူစစ်တပ်သည် ဤသို့ လုံး၀မမျှော်လင့်သည့် ခုခံတိုက်ခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရသဖြင့် ရှေ့မတိုးရဲတော့ဘဲ အဝေးမှသာ ပစ်ခတ်နိုင်တော့သည်။ ဗိုလ်နက်ကျော်တို့အဖွဲ့နှင့် ရန်သူတပ်များ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၅ နာရီလောက်တွင်ရန်သူစစ်တပ်များ ဆုတ်ခွာထွက်ပြေးသွားတော့သည်။

ထို့နောက် ရန်သူစစ်တပ်သည် နောက်တစ်နေ့တွင် ပုပ္ပါးအနောက်ဘက် ကိုးကွေ့တပင်အိုင်ဘက်မှ ဝင်၍ အမြောက်များဖြင့် ပစ်ခတ်ပြီးပုပ္ပါးနယ်ကို ဝင်စီးနင်းတော့သည်။

အဆိုပါတိုက်ပွဲတွင် ပုပ္ပါးမှ နာမည်ကျော် ဆေးဘုန်းကြီး ဦးယုဂံလည်း ပါ၀င်တိုက်ခိုက်ခဲ့သည်။ ရန်သူစစ်တပ်များ ပုပ္ပါးရွာကို ဝင်စီးမိသည်နှင့် ဘုန်ကြီးကျောင်းမှန်သမျှကို မီးရှို့ပစ်ကြသည်။

ပုပ္ပါးရွာကိုအင်္ဂလိပ်စစ်တပ်များ တပ်စခန်းချနေသည့်အတွက် ဗိုလ်နက်ကျော်ခေါင်းဆောင်သော မျိုးချစ်တော်လှန်ရေးတပ်သားများ သည် ပုပ္ပါးရွာ၌ မနေကြတော့ဘဲ တောထဲ၌ပင် စခန်းချခဲ့ကြသည်။

ဗိုလ်နက်ကျော်တို့ စခန်းချရာ နေရာကို သံဘိုရွာသား (ကိုကြင်ယာ)ဆိုသူက ကိုးကွေ့တပင်အိုင်ဘက်မှ လမ်းပြခေါ်ဆောင်လာသည် ဟု ဗိုလ်နက်ကျော်တို့အဖွဲ့ သတင်းရရှိသဖြင့် သံဘိုရွာသို့ သွားရောက်၍ အမျိုးသားသစ္စာဖောက် ကိုကြင်ယာကို သတ်ဖြတ်ပစ်လိုက်ကြသည်။

ဗိုလ်နက်ကျော် တောခိုပြီး ၇ ရက်မြောက် ညတစ်ညတွင် ဆရာနက်အိမ်သို့ ပုခုံးတဖက်မှ သေနတ်တလက်လွယ်ပြီး ညာဘက်မှ ငှက်ကြီးတောင်ဓါးကို ကိုင်ထားသည့် လူတစ်ယောက် အိမ်ထဲသို့ ရုတ်တရက်၀င်ရောက်လာရာ အိမ်သားအားလုံး ကြောက်လန့်သွားကြသည်။

ထိုနောက်မှ ဝင်လာသူက –`အဖေ – ကျုပ် ရွှေဆန်းပါ´ ဟု ပြောလိုက်မှ အကြောက်ပြေသွားကြသည်။`မောင်ဆန်း ငါတို့ မင်းအတွက် ရင်လေးပါတယ်။ ဘာလို့ ဒီအလုပ်ကို လုပ်ချင်ရတာလဲ၊ တောထဲမှာ မနေဘဲ အိမ်မှာကိုယ်ရှိန်သတ်ပြီး၊ အသာနေစမ်းပါ။ မင်းမှာ အန္တရာယ်က များလွန်းတယ်´ ဟု သူ့ အစ်မ အကြီးဆုံး ဒေါ်ကူးက ပြောသည်။

`လူမျိုးခြားရဲ့ အနှိပ်အစက်ကိုတော့ ကျုပ်ဘယ်နည်းနဲ့မှ မခံဘူး။ ´ကျုပ်တို့လူမျိုးကို နှိပ်စက်တဲ့ ဒီနယ်ချဲ့ကောင်တွေကို ဒီနယ်မှ ထွက်သွားအောင်တိုက်ရလိမ့်မယ်´ ဟု ဗိုလ်နက်ကျော်က ဒေါမာန်ပါပါ ပြောလိုက်ရာ

ဖခင်ဖြစ်သူက `ရွှေဆန်း မင်းစကားတွေက ကြီးကျယ်လွန်းတယ်။ မင်းတို့ရှိတာက ဓါးပဲရှိတယ်။ သူတို့က အဝေးကို လှမ်းပစ်နိုင်တဲ့ ယမ်းလက်နက်တွေနဲ့ တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ရင် မင်းတို့ရှုံးမှာပဲ။ ပြီးတော့ မင်းတို့လူအင်အားက ငါသိရသလောက် ၁၁ ယောက် ၁၂ ယောက်လောက်ပဲ ရှိတာ။

`သူတို့က အခု ငါတို့ရွာမှာတပ်စွဲနေတာ ၂၀၀ လောက် ရှိတယ်လို့ သိရတယ်။ ဒီလောက်လူအင်အားရော၊ လက်နက်အင်အားပါ အစစအရာရာ သူတို့က သာနေတဲ့အတွက် သူတို့ကို တော်လှန်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ရွှေဆန်း´

`ဟုတ်တယ် ကျုပ်ပြောတာတွေဟာ အခုတော့ ရယ်စရာလိုဖြစ်နေမှာပဲ။ တနေ့ကျရင်တော့ ကျုပ်ပြောတာတွေအကောင်အထည်ပေါ်လာမှာပဲ။ ပြီးတော့ အခုဆိုရင် ပုဂံက ဗိုလ်ချို၊ ဝဲလောက်က ဗိုလ်ရာညွန့်၊ ကျွန်းခင်းကြီးက ဗိုလ်လှကျော်တို့လည်း လူသူလက်နက်တွေ စုဆောင်းပြီး ဒီနယ်ချဲ့အင်္ဂလိပ်တွေကို တိုက်နေတယ်လို့ ကျုပ်တို့ကြားရတယ်။

`သူတို့နဲ့ လည်း အဆက်အသွယ်လုပ်မယ်လို့ ကျုပ်စဉ်းစားထားတယ်။ အခုကြည့် ကျုပ်မှာ ဒီခွေးကောင်တွေဆီက သေနတ်တလက်ရထားတယ်။ နောက်ဆိုရင် အများကြီးရအောင် လုပ်မယ်။ လက်နက်အင်အား၊ လူအင်အားများလာတဲ့တစ်နေ့မှာ ဒီနယ်ချဲ့မိစ္ဆာကောင်တွေကို ကျုပ်တို့ ပုပ္ပါးနယ်သာမက ကျုပ်တို့ဗမာ့မြေပေါ်ကပါ ထွက်သွားအောင် တိုက်ထုတ်ပစ်ရမှာပဲ´ဟု ပြောဆိုကာ ဗိုလ်နက်ကျော်သည် သူရထားသော သေနတ်တစ်လက်ကို ပြရင်း သူ့ရည်ရွယ်ချက်ကို ပြောပြနေသည်။

ထို့နောက် ဖခင်ဖြစ်သူ ဆရာနက်ကျော်က –`ဒါနဲ့နေစမ်းပါအုံး။ အခု မင်းတို့ ဘယ်မှာနေတုန်း။ ဘယ်လိုကော စားသောက်နေထိုင်ကြတုန်း။ ထမင်းကို ဒီကလာပို့ရမလား´ ဟု ပြောရာ `အခုအချိန်မှာ ကျုပ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူးအဖေ၊ ကျုပ်တို့နေတဲ့နေရာကိုလည်း ပြောပြလို့ မဖြစ်ဘူးအဖေ၊ အခုကျုပ်လာတာလည်း စားသောက်ရေးအတွက် ဆီ၊ ဆန်၊ ဆား လာယူတာပါပဲ။

ဒီပြင်လူတွေ လွှတ်ရင် ကျုပ်တို့ နေတဲ့နေရာကို အဖေ၊ အမေ၊ မိန်းမတွေ ပြောမှာစိုးလို့ ကျုပ်ကိုယ်တိုင်လာတာပဲ´ ဗိုလ်နက်ကျော် သူ့မိသားစုနှင့် ခဏစကားပြောပြီးနောက် ရိက္ခာထုပ်များကို ထမ်းကာ ပြန်လည်ထွက်ခွာသွားလေသည်။ဗိုလ်နက်ကျော်ဦးဆောင်သည့် နယ်ချဲ့တော်လှန်ရေးတပ်သားများသည် အင်္ဂလိပ်စစ်တပ်များကို တောထဲမှ ချုံခိုတိုက်ခိုက်ရင်းဖြင့်တဖက်မှ လူသူ၊ လက်နက် များကို စည်းရုံးစုဆောင်းနေရသည်။

ဆောင်းရာသီ၏ နေ့တစ်နေ့ ညနေ ၅ နာရီ အချိန်လောက်တွင် ဗိုလ်နက်ကျော်တို့အဖွဲ့ သူတို့စခန်းအတွင်း၌ ပြောင်းဖူးစေ့ပြုတ်များ စားနေစဉ် ပုဆိုးတောင်ရှည်ကို ခါးတောင်းကျိုက်ပြီး ငှက်ကြီးတောင်ဓါးကို စလွယ်သိုင်းထားသည့် လူတယောက် ရုတ်တရက်၀င်လာရာ ဗိုလ်နက်ကျော်သည် လျင်မြန်စွာ ဓါးကို ထဆွဲသည်တွင်-`ဟာ…. ဗိုလ်ချိုပါလား။ ၀မ်းသာလိုက်တာဗျာ။ ဗိုလ်နက်ကျော်ဆိုတာ ကျုပ်ပဲ။ ကျုပ်ကလည်း ခင်ဗျားတို့နဲ့ တွေ့ချင်နေတာကြာပြီ။ ကဲ… ထိုင်ဗျာ။ ဟေ့ ဖိုးသိုင်း ပြောင်းဖူးစေ့တစ်ပွဲပေးကွာ´

ဗိုလ်နက်ကျော်တို့အဖွဲ့က ဗိုလ်ချိုအား လှိုက်လှဲစွာကြိုဆို၍ ရင်းနှီးစွာ ဧည့်ခံပြုစုနေကြသည်။ ယင်းနောက် ဗိုလ်နက်ကျော်နှင့် ဗိုလ်ချိုတို့သည် နယ်ချဲ့တော်လှန်ရေးအစီအစဉ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဗိုလ်နက်ကျော်တို့အဖွဲ့သည် ယခုအခါ လူအင်အား ၂၃ ယောက်အထိ ရှိလာခဲ့သည်။ ယင်းတို့အဖွဲ့သည် နယ်ချဲ့စစ်တပ်အား လစ်လျှင်လစ်သလို တိုက်ခိုက်လေ့ရှိသည်။ ထိုအခါ ဗိုလ်နက်ကျော်တို့အဖွဲ့ကို နယ်ချဲ့စစ်တပ်ကလည်း တောနင်းရှာဖွေတော့သည်။

ဗိုလ်နက်ကျော်တို့အဖွဲ့အား သူပုန်၊ သူခိုး၊ ဓါးပြ အဖွဲ့အဖြစ် စွပ်စွဲ၍ ဗိုလ်နက်ကျော်အား အသေရရ အရှင်ရရ ဖမ်းဆီးမိလျှင် ဆုတွေချီးမြှင့်မည်ဟုလည်း ကြေညာချက်ထုတ်ပြန်ထားသည်။ဗိုလ်နက်ကျော်သည်ရန်သူစစ်တပ်၏ အခြေအနေကို စုံစမ်းရန် သူ့ညီ ရွှေလန်းကို ခေါ်၍ ရန်သူများ စခန်းချရာ ရွာထဲသို့ သွားရောက်၍ ဖဲရိုက်ကစားခဲ့သေးသည်။

ယင်းနောက် ပုဂံဗိုလ်ချိုနှင့် ပုပ္ပါးဗိုလ်နက်ကျော်တို့ ဦးဆောင်သည့် နယ်ချဲ့တော်လှန်ရေးတပ်ဖွဲ့သည် အင်္ဂလိပ်စစ်တပ်ကို ၀င်စီးတိုက်ခိုက်ရာ လူသူလက်နက် မမျှသဖြင့် အောင်မြင်မှုမရခဲ့ချေ။

ထိုအချိန်တွင် ပုပ္ပါးမြောက်ဘက်တလွှားတွင်လည်း နယ်ချဲ့စစ်တပ်များသောင်းကျန်းနေသည့်သတင်းကို ဗိုလ်နက်ကျော်တို့ ကြားသိရသဖြင့် ကိုရွှေဗိုလ်ကို လူ ၁ဝ ယောက် အုပ်ချုပ်စေပြီး ငါးရံ့ကုန်း၊ ချိုင်းရွာ၊ မြောက်တော အစရှိသည့် ရွာများသို့ တပ်စွဲ၍ လွှတ်ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပုပ္ပါးနယ်တဝိုက်တွင် ဗိုလ်နက်ကျော်နှင့် ဗိုလ်ချိုတို့ တိုက်ခိုက်ရေးလုံးပမ်းနေစဉ် ပုဂံနယ်တွင် အင်္ဂလိပ်စစ်တပ်များ ၀င်ရောက်သောင်းကျန်းနေသည့် သတင်း ကြားသိရသဖြင့် ဗိုလ်ချိုမှာ သူနယ်ဘက်ကို အပူတပြင်း ပြန်သွားရန်စီစဉ်ရလေသည်။

`ကဲ ဗိုလ်နက်ကျော်၊ ကျုပ်နယ်ဘက်မှာလည်း တစ်နေ့တခြား ဆိုးရွားလာပြီတဲ့။ ဒါ့ကြောင့် ကျုပ်လည်း ကျုပ်နယ်ဘက်ကို ပြန်ပြီး လူသူလက်နက်စုဆောင်းတိုက်ခိုက်ရအုံးမယ်။ ခင်ဗျားလည်း ကိုရွှေဗိုလ်နဲ့ ဆက်သွယ်ပြီး အခြေအနေပေးသလို ကြည့်ပြီးသာ တော်လှန်ပေတော့´ ဟုပြောဆိုကာ ပုဂံဘက်သို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။

ဤသို့ ဖြင့်ဗိုလ်နက်ကျော်၏ နယ်ချဲ့တော်လှန်ရေးလှုပ်ရှားမှုများ တဖက်မှ အောင်မြင်သလောက် ချိုင်းရွာဘက်တွင် တာ၀န်ယူနေသော ဖိုးရွှေဗိုလ်သည် ပင်ကိုယ်စိတ်ဓါတ်မခိုင်မာသူဖြစ်သည့်အတိုင်း တော်လှန်ရေးလှုပ်ရှားမှုများ လျော့နည်းလာသည်။

ရန်သူအပေါ် တိုက်ခိုက်မှုလည်း စိတ်ထက်သန်မှု မရှိတော့ချေ။
ပိုဆိုးလာသည်မှာ ပြည်သူအပေါ်သစ္စာဖောက်၍ ရွာသူရွာသားများ၏ ရွှေ၊ ငွေ ပစ္စည်းများကို လစ်လျှင်လစ်သလို လုယက် ခိုးယူ တိုက်ခိုက်တော့သည်။ ထိုသတင်းကို ဗိုလ်နက်ကျော်ထံ သတင်းပေါက်ကြားသွားရာ ချက်ချင်းပင် ဖိုးရွှေဗိုလ်ထံလိုက်သွားသည်။

ဖိုးရွှေဗိုလ်သည် ဗိုလ်နက်ကျော်၏ စိတ်ကိုသိသူဖြစ်သည့်အတိုင်း ခရီးရောက်မဆိုက်မှာပင် ဗိုလ်နက်ကျော် ကိုအလစ်ငိုက်နေစဉ်အတွင်းလက်ဦးအောင် သတ်ပစ်လိုက်လေတော့သည်။

ဤသို့အားဖြင့် နယ်ချဲ့အင်္ဂလိပ်၏ ကျွန်ပြုမှုကို မခံလိုသော တော်လှန်ရေးအာဇာနည် ပုပ္ပါးဗိုလ်နက်ကျော်ခေါ် ဗိုလ်ဆန်းသည် အမျိုးဖျက်သစ္စာဖောက်လက်ချက်ဖြင့် ရေတိမ်နစ်ကာ ဘ၀နိဂုံးချုပ်သွားခဲ့ရလေသည်။ဗိုလ်နက်ကျော်အသတ်ခံရသည့်နေရာသည် ယခုငါးရံ့ကုန်းရွာအ၀င် တံခါးအနီးမှ လျှိုကြီးထဲ၌ ဖြစ်သည်။

ဗိုလ်နက်ကျော်ကို ဖိုးရွှေဗိုလ်က သတ်ပစ်သည့်အကြောင်းကို ဖိုးရွှေဗိုလ်အဖွဲ့မှ ကိုပြောင်က ပုပ္ပါးရှိ ဗိုလ်နက်ကျော်တပ်ဖွဲ့မှ ဖိုးသိုင်းကြီး၊ ကိုဖားကြီး၊ ကိုလှကျော်တို့ကို လာရောက်ပြောပြရာ ဗိုလ်နက်ကျော်တပ်သားများက ချက်ချင်းပင် ဖိုးရွှေဗိုလ်ရှိရာ ငါးရံ့ကုန်းသို့ လိုက်သွားပြီး သစ္စာဖေါက်ဖိုးရွှေဗိုလ်အား အပြတ်ရှင်းလိုက်ကြလေသည်။

မည်သို့ဆိုစေ… ဗိုလ်နက်ကျော်မှာ အသက်သာသေသော်လည်း သူ၏ နယ်ချဲ့တော်လှန်ရေးလှုပ်ရှားမှုကား မသေခဲ့ပေ။ သူလှုံ့ဆော် ခဲ့သည့် တပ်လှန့်သံသည် မြန်မာပြည်အလယ်ပိုင်း၌ အိပ်မောကျနေသော လူထုကို နှိုးဆွလိုက်သဖြင့် ဗိုလ်နက်ကျော်မရှိသည့်နောက်ပိုင်းတွင် လည်း တဗိုလ်ကျ တဗိုလ်တက် ဖြင့် နယ်ချဲ့တော်လှန်ရေးဆန့်ကျင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့လေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *