မတော်တဆ မှားယွင်းတီထွင်မိလိုက်တဲ့ ကမ္ဘာကျော်အစားအစာ (၇) ခု

အခုတစ်ခေါက် ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ မတော်တဆ မှားယွင်းတီထွင်မိလိုက်တဲ့ ကမ္ဘာကျော်အစားအစာတွေပဲဖြစ်ပါတယ်။

လူသားတွေရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အမှားပေါင်းမျိုးစုံကျုးလွန်ခဲ့ကြပြီး အဲဒီထဲက အခုအမှားတွေကတော့ အမှားကောင်းတွေလို့ပဲ သတ်မှတ်ရမှာပါ။

ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် မသိခဲ့ဘဲ ကျုးလွန်ခဲ့တဲ့ အမှားတွေက ဘယ်သူ့ကိုမှ မထိမထိုက်ဘဲ အဲဒီအမှားတွေကနေ အလွန် အရသာရှိတဲ့ အစားအစာတွေ ဖြစ်လာစေခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေက ဘယ်လိုအမှားအယွင်းတွေကနေ ဖြစ်လာခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) ရေခဲချောင်း (Frank Epperson)

ရေခဲချောင်းတွေက အခုအချိန်မှာတော့ အရသာပေါင်းစုံနဲ့အချိန်မရွေး ထုတ်လုပ်လာနိုင်ခဲ့ပြီး လူတိုင်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ပါတယ်။ အဲဒီရေခဲချောင်းတွေကို စတင်တီထွင်ခဲ့သူကတော့ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးတစ်ယောက်သာဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကတော့ ဖရန့်ခ် အက်ပါဆန်ဖြစ်ပြီး ၁၉၀၅ ခုနှစ်မှာ ရေခဲချောင်းလုပ်နည်းကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ယောက်က တစ်ခုသော ညမှာ ရေနဲ့သကြားအချိုခဲတွေကို ရောနှောပြီး အလည်မှာတုတ်တစ်ချောင်ထည့်ကာ အိမ် အပြင်ဘက် ပစ်ထားမိခဲ့ပါတယ်။

တစ်ညလုံးဆီးနှင်းတွေကြားထဲ ကျန်ရစ်ခဲ့တဲ့ အဲဒီ ရေတွေက မနက်ရောက်ချိန်မှာ အလွန်အေးခဲသွားပြီး ရေခဲချောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီ ၁၁ နှစ်သားကောင်လေးက သူ မေ့မေ့လျော့လျေားပစ်ထားခဲ့တဲ့ သကြားရည်က ဖြစ်လာတဲ့ ရေခဲတွေကို လျှာနဲ့ ကောက်လျက်ကြည့်လိုက်ချိန်မှာတော့ သူဘဝမှာ တစ်ကြိမ် တစ်ခါမှ မရရှိခဲ့ဖူးတဲ့ အရသာတစ်မျိုးကို ရရှိခဲ့ပါတယ်။

ဒါကြောင့် အဲ့ဒီ ရေခဲချောင်းက ကမ္ဘာ့ပထမဆုံးရေခဲချောင်းဖြစ်ပြီး နောင်တစ်ချိန်မှာတော့ သူ ကိုယ်တိုင်ပဲ အရသာမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ရေခဲချောင်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

(၂) အာလူးကြော် (George Crum)

အခုအချိန်မှာတော့ လူတိုင်း ကြိုက်နှစ်သက်တဲ့ အာလူးကြော်အပြားတွေလည်း အမှားအယွင်းတစ်ခုကနေ အသစ်တွေ့ရှိခဲ့တဲ့ အစားအစာတစ်မျိုးသာဖြစ်ပါတယ်။ ယနေ့ခေတ်ဈေးကွက်ထဲမှာ ရှိနေတဲ့ ပါးပါးလျလျ အာလူးကြော်တွေကို ၁၈၅၃ ခုနှစ်မှာ ဂျောချ့် ခရမ်(George Crum)ဆိုတဲ့ အမရေိကနျစားဖိုမှုးတဈယောကျကနေ မတော်တဆတွေ့ရှိခဲ့တာပါ။

အဲဒီအချိန်တုန်းက သူက နယူးယောက်ခ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ စားဖိုမှူးတစ်ယောက်အဖြစ် တာဝန်ယူထားတုန်းမှာပဲ ဟိုတယ်ကို လာစားတဲ့လူတစ်ယောက်နဲ့ ပြဿနာတက်ခဲ့ပါတယ်။ အဲဒီစားသုံးသူက အပြားလိုက်လှီးထားတဲ့ အာလူးကြော်တစ်ပွဲကို မှာယူထားသူတစ်ယောက်ဖြစ်ပြီး လာချတဲ့ အာလူးကြော်တွေ လုံးဝမကျွတ်ဆတ်လို့ ပွဲအသစ်တစ်ခုနဲ့ ပြန်လဲခိုင်းခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဂျော့ချ်ခရမ်က နောက်ထပ်ကြော်ရမယ့် အာလူးကြော်ကို အပါးလျဆုံးဖြစ်အောင် ဓားနဲ့ ပါးပါး လှီးပြီး ကြော်လိုက်ချိန်မှာတော့ အဲဒီအာလူးကြော်က လတ်ဆတ်ကျွတ်ဆက်သွားရုံတင်မကဘဲ နောင်တစ်ချိန်မှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။

သူ့ရဲ့ အာလူးတွေကို အပါးလျဆုံးဖြစ်အောင် လှီးပြီး ကြော်တဲ့ ပုံစံက တစ်ကမ္ဘာလုံးကို ပျံနှံ့သွားခဲ့ပြီး နောင်မှာတော့ အခု မြင်တွေ့နေရတဲ့ အာလူးကြော်ပုံစံတွေအဖြစ် ပြောင်းလဲ ရောက်ရှိသွားခဲ့ပါတယ်။

(၃) ရေခဲမုန့်ခွက် (Ice cream cone)

တစ်ချိန်ကတော့ ရေခဲမုန့်တွေကို အလွယ်တကူစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေခဲမုန့်တွေခွက်တွေ မပေါ်သေးတာကြောင့် အောက်ကနေ စက္ကူစတွေ၊ ဖန်ပြားတွေနဲ့ သတ္ထုစတွေကို ခင်းကာ ခက်ခက်ခဲခဲနဲ့ကို စားသုံးလာခဲ့ကြတာပါ။ ရေခဲမုန့်ထည့်တဲ့ ခွက်တွေဖြစ်လာခဲ့ပုံကလည်း အမှားအယွင်းတစ်ခုကနေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ရေခဲမုန့်ခွက်ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ အတိအကျ သမိုင်းမှတ်တမ်းရေးထိုးထားခြင်းမရှိခဲ့ပေမယ့် မုန့်နဲ့ ဝေဖာထုတ်လုပ်ရေးစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့လူတစ်ယောက်ကနေပြီး ဝေဖာမုန့်တစ်ခုထုတ်လုပ်ရာမှာ သူ ထုတ်ရမယ့် ဝေဖာပုံစံအတိုင်း မထုတ်ခဲ့ဘဲ အမှားမှား အယွင်းယွင်းနဲ့ ဝေဖာထုတ်လုပ်ရာကနေ အခုလို လုံးချွန်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ ရေခဲမုန့်ခွက်တွေဖြစ်လာတယ်လို့ သိရပါတယ်။

(၄) ကိုကာကိုလာ

ယနေ့အချိန်မှာတော့ ကုတ်လို့ ခေါ်တဲ့ ကိုကာကိုလာ ကို အချိုရည်အဖြစ်နဲ့သာ တစ်ကမ္ဘာလုံး သောက်သုံးရောင်းချနေကြပေမယ့် တစ်ချိန်ကတော့ ကိုကာကိုလာ ကို ဒဏ်ရာအနာတရဖြစ်သူတွေကို သက်သာလာစေမယ့် ဆေးဝါးတစ်ခုအဖြစ် ရောင်းချဖို့ ရည်ရွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ကိုကာကိုလာအချိုရည်တွေကို ပထမဆုံး စ တီထွင်တဲ့သူက ဂျွန် ပန်ဘာတွန် (John Pemberton) ဆိုတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ သူက စစ်ပွဲအတွင်းမှာ ဒဏ်ရာတွေရရှိလာတာကြောင့် နောက်တန်းကို ပြန်လာခဲ့ချိန်မှာတော့ ဒဏ်ရာတွေကနေ သက်သာစေမယ့်မော်ဖင်းကို အင်မတန်စွဲလမ်းနေသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူက မော်ဖင်းအစားထိုး ဆေးတစ်မျိုးကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ချိန်မှာတော့ ကိုကာကိုလာအချိုရည်တွေဖြစ်လာမယ့် ပထမဆုံးဖော်မြူလာကို တွက်ချက် ရရှိလာခဲ့ပါတယ်။

အဲဒီ ဖော်မြုလာအရတော့ ကိုကာကိုလာထဲမှာ ကိုကင်းဓာတ်အနည်းငယ်ကို ထည့်သွင်းကာ ချက်လုပ်မှာဖြစ်ပြီး ဒဏ်ရာတွေကို သက်သာလာစေဖို့နဲ့ စိတ်ငြိမ်စေဖို့အတွက်သာ မူလက ရည်ရွယ်ထားခဲ့တာပါ။ ၁၈၈၇ ခုနှစ်မှာတော့ အေစပ် ကန်ဒဲလာ ( Asa Candler) ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ရောက်ရှိလာခဲ့ပြီး သူလုပ်ကိုင်နေတဲ့ ကိုကာကိုလာဖော်မြူလာတွေကို ဒေါ်လာ ၂,၃၀၀ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။

သူ့လက်ထက်အရောက်မှာတော့ တစ်ချိန်က ဆေးဝါးတစ်ခုအဖြစ်နဲ့သာ ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ ကိုကာကိုလာတွေက လူတွေကြားမှာ ထင်ရှားလာတဲ့ အချိုရည်အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။

(၅) ဘီယာ

ဘီယာကို ဘယ်လူမျိုးတွေက ပထမဆုံးစတင်တွေ့ရှိခဲ့သလဲဆိုတာ တိကျတဲ့ အထောက်အထားတွေမရှိခဲ့ပေမယ့် ကမ္ဘာမှာ ဘီယာလို့ သတ်မှတ်လို့ရနိုင်တဲ့ အဖျော်ယာမကာတစ်မျိုးကို အစောဆုံး မှတ်တမ်းတင်တွေ့ရှိခဲ့တာကတော့ အီဂျစ်ခေတ်နဲ့ မက်ဆိုပိုတေးနီးယားခေတ်မှာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်လောက်ကတည်းက ဘီယာတွေက စတင်ပေါ်ပေါက်လာခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ မက်ဆိုပိုတေးနီးယားဒေသက လူမျိုးတွေက ပေါင်မုန့်ပြုလုပ်ဖို့အတွက် ဂျုံ၊ စပါးတွေကို အရေအတွက်များများ သိုလှောင်ထားလေ့ရှိကြပါတယ်။

ဒီလို သိုလှောင်ထားတဲ့နေရာမှာလည်း အလျင်မီအောင် လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ဂျုံတွေ၊ စပါးတွေက မကြာခဏ စိုထိုင်းသွားပြီး အချဉ်ဖောက်လာခဲ့ပါတော့တယ်။

အဲဒီ ဂျုံတွေ၊ စပါးတွေက ထွက်ရှိလာတဲ့ အချဉ်ဖောက်ခြင်း၊ ကဇော်ဖောက်ခြင်းတွေက လူသားတွေ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ဘီယာရဲ့ ပထမဆုံးမျိုးဆက်တစ်ခုသာ ဖြစ်ပြီး အမှတ်မထင်မတော်တဆအဖြစ်နဲ့ တွေ့ရှိခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးထိုးထားခဲ့ပါတယ်။

(၆) တို့ဟူး( tofu)

မြန်မာနိုင်ငံနဲ့ မစိမ်းတဲ့တို့ဟူးရဲ့နာမည်အရင်းကတော့ တရုတ်ဘာသာစကား တို့ဖူ (Tofu) ကနေ ဆင်းသက်လာတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက တို့ဟူးတွေကို တရုတ်နိုင်ငံမှာ အစဉ်အဆက်စားသုံးလာခဲ့ကြတယ်လို့ သိရပါတယ်။

တို့ဟူးဖြစ်ပေါ်လာခဲ့ခြင်းဇာတ်လမ်းတွေက တရုတ်နိုင်ငံအတွင်းမှာလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဒေသအလိုက် ဇာတ်လမ်းမျိုးစုံ ကွဲပြားနေကြပါတယ်။ မူရင်းလို့ သတ်မှတ်ထားကြတဲ့ တို့ဟူးဖြစ်ပေါ်လာပုံဇာတ်လမ်းထဲမှာတော့ လူတွေစားဖို့အတွက် ချက်ထားတဲ့ ပဲပိစပ်ဟင်းရည်အိုးထဲကို မသန့်စင်ရသေးတဲ့ ပင်လယ်ဆားကြမ်းတွေမတော်တဆရောနှောသွားရာကအစ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆားကြမ်းတွေက ပင်လယ်ထဲက ရရှိလာတဲ့ အကြမ်းထည်ဆားတွေသာဖြစ်ပြီး ကယ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။အဲဒီဆားတွေကြောင့် ပဲပိစပ်ဟင်းအိုးကြီးတစ်ခုလုံး ပျက်သွားခဲ့ကာ ဂျယ်လ်လိုမျိုး အဆီပျစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ရာက အစ တို့ဟူးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်မှာတော့ တရုတ်စားဖိုမှုူးတစ်ယောက်ကနေပြီး ပဲပိစပ်အိုးထဲကို နဂါရီ( nigari ) လို့ခေါ်တဲ့ အရာဝတ္ထုတွေကို မှားမှားယွင်းယွင်းနဲ့ ထည့်မိသွားရာက အစ ဟင်းအိုးတစ်အိုးလုံးအချဉ်ဖောက်သွားကာ တို့ဟူးဖြစ်လာတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းနှစ်ပုဒ်စလုံးက တို့ဟူးရယ်လို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတာမဟုတ်ဘဲ အမှတ်မထင်မတော်တဆကနေ ဖြစ်လာတဲ့ အမှားအယွင်းတွေကနေ တို့ဟူးဖြစ်လာခဲ့ပါတယ်။

(၇) ရှန်ပိန်

ရှန်ပိန်တွေကလည်း ဘယ်သူက စပြီး တီထွင်လိုက်မှန်းမသိဘဲ ပေါ်ထွက်လာခဲ့တဲ့ အဖျော်ယာမကာတစ်မျိုးပဲဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ ၁၄၉၀ တစ်ဝိုက်မှာ ရှန်ပိန်တွေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေကလည်း အမှားအယွင်းတစ်ခုကနေ ဖြစ်လာခဲ့တဲ့ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

ဝိုင်ထုတ်လုပ်သူတွေက အရောင်မပါတဲ့ ပလိန်းဝိုင်တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြရာက ရှန်ပိန်လို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်အမြှုပ်တွေကတော့ ကစော်ဖောက်စဉ်အချိန်မှာကြုံတွေ့ခဲ့ရတဲ့ဆောင်းရာသီကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အစတုန်းကတော့ ရှန်ပိန်တွေထဲမှာ ပါဝင်တဲ့ ရေမြှုပ်တွေက ပုလင်းတွေကို ကွဲထွက်သွားအောင် အထိ အင်မတန်အင်အားပြင်းထန်လွန်းခဲ့ပြီး နောက်ပိုင်းမှသာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးမှ အခုလို ရှန်ပိန်လို့ ခေါ်တဲ့ အဖျော်ယာမကာတစ်ခုအဖြစ်ကို ရောက်ရှိသွားလာခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *