ကုန်းဘောင်ခေတ်က အထက်မြက်ဆုံး မိဖုရားကြီး (သို့) စကြာဒေဝီ

ကုန်းဘောင်ခေတ် မိဖုရားများဟု ဆိုလိုက်လျှင် အလွန်ကျော်ကြားလှသည့် နန်းမတော်မယ်နု ၊ ဆင်ဖြူမရှင် နှင့် စုဖုရားလတ် တို့ကိုသာပြေးမြင် မိကြပေလိမ့်မည်။

သူတို့ကျော်သည် ဆိုရာမှာ မာနကြီးသည့်ဘက် ၊ မကောင်းသည့်ဘက် တို့တွင် ကျော်ကြားခြင်း ဖြစ်သည်။ သမိုင်းတွင် သူတို့အား မိဖုရားဆိုးများအဖြစ် မှတ်တမ်းတင်ခဲ့သည်။

သူတို့နှင့် ဆန့်ကျင်စွာ တိုင်းပြည်မင်းအား ဦးဆောင်လမ်းပြကာ အကျိုးပြုသွားခဲ့သည့် အလွန်ထူးချွန်ထက်မြက်သော မိဖုရားကြီးတစ်ပါးလည်းရှိခဲ့သည်။ မင်းတုန်းမင်း၏ တောင်ညာစံ မိဖုရားခေါင်ကြီး စကြာဒေဝီပင်ဖြစ်သည်။

စကြာဒေဝီသည် သာယာဝတီမင်း နှင့် မိဖုရားခေါင်ကြီးတို့မှ မွေးသော မင်းသွေးစစ်စစ် ဘုရင့်သမီးတော်ဖြစ်သည်။မွေးချင်း ၆ဦး ရှိခဲ့သော်လည်း စကြာဒေဝီ နှင့် မောင်တော်ပုဂံမင်းသားတို့သာ အသက်ရှင်သည်။

စကြာဒေဝီသည်ငယ်စဉ်ကတည်းကပင် စာပေဝါသနာပါပြီး ဗေဒင်အတတ် ၊ နက္ခတ်ဝေဒပညာ ၊ ကဗျာလင်္ကာရေးဖွဲ့သော အတတ်များကို အထူးကျွမ်းကျင် တတ်မြာက်ခဲ့သည်။ စိတ်သဘောထားလည်း အလွန်နူးညံ့သည်။

ခမည်းတော်ကို နန်းရေး နန်းရာ များ ၊ နိုင်ငံရေးများတွင် အကြံပေးနိုင်ပြီး ထီးနန်းရခဲ့ခြင်းသည်ပင် စကြာဒေဝီ၏ အကြံဉာဏ်များစွာ ပါဝင်သည်။

သာယာဝတီမင်းကလည်း သမီးတော်အား အလွန်ချစ်မြတ်နိုးလှပြီး အထူးမြှောက်စားကာ ဆုတော်များတွင် အမြင့်ဆုံးဖြစ်သည့် အသက်ဒါန ဆိုကိုပင် ပေးတော်မူခဲ့သည်။

အသက်ဒါနဆု ဆိုသည်မှာ ပြစ်ဒဏ်စီရင်ခံထားရသူ ၊ သေဒဏ်ချခံထားရသူများကို အသက်ဘေးမှ လွတ်စေနိုင်သော ဆုဖြစ်သည်။ စကြာဒေဝီသည် ထို ဇီဝိတဒါနဆု ဖြင့်ဆင်ဖြူမရှင် ၊ ယောမင်းကြီးဦးဘိုးလှိုင် ၊ လှိုင်ထိပ်ခေါင်တင် နှင့် မြဝတီမင်းကြီးဦးစ တို့ကို ကယ်တယ်ခဲ့ဖူးသည်။

အလွန်အကျိုးများလှသော ကယ်တင်မှုပင်ဖြစ်သည်။သာယာဝတီမင်းက နောင်တော်ဘကြီးတော်မင်းကို ကွပ်မျက်ရန်ပြုရာတွင်လည်း အဖနှင့်တူသော နောင်တော်ကို မသတ်သင့်ပါ ဟု တားသဖြင့် ဘကြီးတော်မင်း၏ အသက်ကိုပင် ကယ်တင်လိုက်နိုင်သည်။

သာယာဝတီမင်း လွန်ပြီး ပုဂံမင်းနန်းတက်သည့်အခါတွင်လည်း အမတော်၏ အရည်အချင်းကိုသိပြီးဖြစ်၍ တိုး၍သာမြှောက်စားလေသည်။ စကြာဒေဝီသည် သက်တော် ၄၀ ရှိသည်အထိ ကြင်ယာမရှိပဲ တစ်ပင်တိုင်နန်းမှာပင် စံနေတော် မူခဲ့သည်။

ပုဂံမင်းသည် တိုင်းပြည်ရေးကို စိတ်မဝင်စားပဲ ကြက်ပွဲ ၊ လက်ဝှေ့ပွဲ နှင့် အပျော်အပါးကိုသာ မက်သဖြင့်တိုင်းပြည်သည် တဖြည်းဖြည်းချည့်နဲ့လာခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာပြည် ၃ ပုံ ၂ ပုံကို သိမ်းပြီးဖြစ်၍ ဒီအတိုင်း ဆက်သွားလျှင် ပို၍ဆိုးရွားလာတော့မည်ကို စကြာဒေဝီသိခဲ့သည်။

ထို့ကြောင့် ပုဂံမင်း၏ ပြိုင်ဘက်ဖြစ်သောမင်းတုန်းကနောင် ညီနောင်တို့အား ရွှေဘိုသို့ထွက်ကာ အောင်မြေနင်းလျှင် အကြံအောင်နိုင်သည်ဟု လမ်းညွှန်မှုပေး ခဲ့သည်။

မိမိ၏ မွေးစားသားဖြစ်သူ မောင်ဘိုးလှိုင်အား သင်္ကန်းဝတ်နေရာမှ လူဝတ်လဲစေကာ မင်းတုန်း ကနောင်ညီနောင်နောက်သို့လိုက်ကာ အမူတော် ထမ်းရွက်စေခဲ့သည်။ ဤသို့ဖြင့် စကြာဒေဝီ၏ အကြံပေးမူများဖြင့် မင်းတုန်း ကနောင်ညီနောင်တို့သည် အမရပူရကို ၅ လအတွင်းမှာပင် အောင်နိုင်ခဲ့သည်။

မင်းတုန်းမင်းနန်းတက်သည့်အခါ မိဖုရားခေါင်ကြီးတင်မြှောက်ရန် လိုအပ်သည့်အတွက် ထိုရာထူးနှင့် အကိုက်ညီဆုံးဖြစ်သည့် အဖေတူ မအေကွဲ နှမတော် စကြာဒေဝီကို တောင်ညာစံ မဟေသီမိဖုရားခေါင်ကြီး အရာကို ချီးမြှင့်ခဲ့ သည်။

မိဖုရားခေါင်ကြီးဖြစ်သော်လည်း မာန်မာန မရှိ ရိုးရိုးယဉ်ယဉ်သာ နေတတ်သူဖြစ်သည်။ မင်းတုန်းမင်းက အလွန်ချစ်မြတ်နိုးတော်မူပြီး ‘မမဖုရား’ ဟု ခေါ်လေ့ရှိကြောင်းသိရသည်။ ဘုရင်မင်းတရား၏ ဆံတော်ရှင်းခြင်း တို့ကို မိဖုရားကြီး ကိုယ်တိုင်ပြုလုပ်ပေးမှ ကျေနပ်တော်မူသည်။

မင်းတုန်းမင်းကို လည်း တိုင်းရေးပြည်ရေး အရေးအခင်းများတွင် အထူးလမ်းညွှန်နိုင်ခဲ့သူဖြစ်သည်။ ပန်းတိမ်မင်းသားအရေးတွင်လည်း မိဖုရားခေါင်ကြီး၏ စိတ်ဓာတ်မြှင့်တင်ပေးမူကြောင့်သာ မင်းတုန်းမင်း နန်းမကျခဲ့ခြင်းသည်။

၁၈၇၆ ခုနှစ် တွင် စကြာဒေဝီ နာမကျန်းဖြစ်လာသည်။ မင်းတုန်းမင်းက နန်းတွင်းသမားတော်ကြီးများနှင့်အစွမ်းကုန်ကုသပါသော်လည်း မရတော့ပဲ ကံတော်ကုန်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းတုန်းမင်းသည် စကြာဒေဝီ၏ နန်းဆောင် မည်သူမျှ အဝင်မခံခဲ့သည့်အပြင် သူ့ဆံတော်ကိုလည်း မည်သူမျှရှင်းခွင့်မပြုပဲ ထားရှိသည်။

မိခင်နှင့်တူသော၊အမနှင့်တူသော ၊ ဆရာနှင့်တူသော မိဖုရားကြီးအတွက် စိတ်မကောင်းလှသဖြင့် ဝတ်ဖြူစင်ကြယ်ကို ဝတ်ကာ စကြာဒေဝီ၏ အုတ်ဂူအနီးတွင်သာ နေထိုင်သည်။

စကြာဒေဝီမိဖုရားကြီးသည် သာယာဝတီ ၊ ပုဂံ ၊ မင်းတုန်း မင်းသုံးဆက်စလုံး၏ လေးစားခြင်း ၊ ချစ်မြတ်နိုးခြင်းကို ခံခဲ့ရသည့် တစ်ဦးတည်းသော ထူးချွန်ထက်မြက်လှသည့် မိဖုရားကြီးပင် ဖြစ်လေတော့သည်။Credit : သုခုမအလင်းတန်

Leave a Reply

Your email address will not be published. Required fields are marked *